Monday, June 17, 2013

စစ်မှန်တဲ့ ချစ်ခြင်း



သူ့အသက်က ၅၅နှစ်၊ သူ့နာမည်က Tony Leung (Tony Leung Ka Fai- 梁家輝)၊ အလုပ်အကိုင်က ဟောင်ကောင်နာမည်ရ ရုပ်ရှင်မင်းသား။
သူနာမည်မရခင်က စီးပွားရေးမပြေလည်ခဲ့ဘူး။ အဲဒီမှာ မိန်းကလေးတစ်ယောက်နဲ့သူ မြင်မြင်ချင်းချစ်ခဲ့ကြတယ်။သူစလုပ်နေတဲ့ သရုပ်ဆောင်အလုပ်ကို အဲဒီမိန်းကလေးက အားပေးကူညီခဲ့တယ်။ နောက်တော့ သူတို့မင်္ဂလာဆောင်ကြတယ်။ မင်္ဂလာဦးနေ့မှာ သူ့တစ်ကိုယ်လုံး ပိုက်ဆံ ၈ဝဝဝပဲရှိခဲ့တယ်။ "ငါ့ကိုယူလိုက်လို့ နင်နောင်တမရဘူးလား"လို့ မိန်းကလေးကို သူမေးတယ်။ မိန်းကလေးက "ငါနောင်တမရဘူး... အိမ်ထောင်ကျပြီးတဲ့နောက် နင်ငါ့ကို ဘယ်တော့မှ စိတ်ထိခိုက်ဝမ်းနည်းစေမှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်"လို့ ရိုးရိုးရှင်းရှင်းတစ်ခွန်းပဲ ပြန်ဖြေခဲ့တယ်။

အဲဒီစကားကို သူ့နှလုံးသားထဲ စွဲစွဲမြဲမြဲမှတ်သားထားခဲ့မိတယ်။ ငါ့ကိုယုံကြည်တဲ့ မိန်းကလေးကို နောက်နောင် ဘယ်လိုအခြေအနေရောက်ရောက် ငါသစ္စာမဖောက်ဘူး၊ လက်တွဲမဖြုတ်ဘူးလို့ သူ့စိတ်ထဲ သံဓိဋ္ဌာန်ချခဲ့တယ်။

အဲဒီလိုနဲ့ သူတို့မှာ အမွှာသမီးလေးနှစ်ယောက်ထွန်းကားခဲ့တယ်။ သူ့ရဲ့ကြိုးစားမှု၊ မိန်းမရဲ့အားပေးဖေးမမှုတွေကြောင့် သူဟာ နာမည်ကြီးမင်းသားတစ်ဦး ဖြစ်လာခဲ့ပြီး ဆုတွေအမြောက်အများ ပိုင်ဆိုင်လာခဲ့တယ်။ နာမည်ရပြီး သူချောသထက်ချော၊ ခန့်သထက်ခန့်လာချိန် သူ့မိန်းမက အိုစာသထက် အိုစာလာခဲ့တယ်။
ငယ်ရွယ်စဉ်က အချောအလှစာရင်းဝင်ခဲ့တဲ့ သူ့မိန်းမဟာ အခုချိန်မှာ ပုံပျက်ပန်းပျက်၊ ဝဝတုတ်တုတ်၊ မပြင်မဆင်တတ်ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် မိန်းမရဲ့အပြင်ပန်းသဏ္ဍာန်က သူ့အချစ်ကို စိတ်မပျက်စေခဲ့ပါဘူး။ ဘယ်သွားသွား ဘယ်လာလာ လူပုံအလယ်မှာ မိန်းမလက်ကို သူရဲရဲတွဲပြီး သွားလာခဲ့ပါတယ်။ နာမည်ကြီးမင်းသားမို့ လူတွေက သူနဲ့သူမိန်းမကို အမျိုးမျိုးဝေဖန်၊ အမြင်တိမ်းကြပေမယ့် သူက "ကျွန်တော်မိန်းမက မိန်းမချောပါ။ အခုလည်း ကျွန်တော့်မျက်စိထဲမှာ သူချောတုန်း၊ လှတုန်းပါပဲ။ ကမ္ဘာပေါ်မှာ အလှဆုံးမိန်းမပါ။ သူ့ရဲ့ကောင်းကွက်တွေက ကျွန်တော်ရဲ့ကောင်းကွက်တွေကို လှုံ့ဆော်ပေးခဲ့တာပါပဲ။ သူမရှိရင် ချစ်စရာကောင်းတဲ့ ကျွန်တော်သမီးလေးနှစ်ယောက်လည်း ရှိမှာမဟုတ်သလို ဒီကနေ့လိုအောင်မြင်တဲ့ ကျွန်တော်လည်းရှိမှာမဟုတ်ပါဘူး။ သူဟာ ကျွန်တော့်ရဲ့ချစ်သူ၊
ကျွန်တော့်ရဲ့မိန်းမ၊ ကျွန်တော့်ရဲ့ကျေးဇူးရှင်ပါ"လို့ ပြောခဲ့ပါတယ်။ လူအများကတော့ ဒီလိုယောက်ျားမျိုးကို ပိုင်ဆိုင်ထားတဲ့ သူ့မိန်းမကို အားကျခဲ့ကြပါတယ်။

စစချင်းနှစ်တွေမှာ လူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်တွယ်တာတာဟာ "အချစ်"ဖြစ်တယ်။
အဲဒီနောက် ၈နှစ် ၁ဝနှစ်ကျော်ကြာတဲ့အခါ အဲဒီအချစ်က မိသားစု "သံယောဇဉ်"အဖြစ်ပြောင်းသွားတယ်။
တကယ်လို့ နောင်အနှစ် ၃ဝ၊ ၄ဝမှာ သူ့လက်ကိုမြဲမြဲတွဲထားနိုင်သေးရင် ဒါဟာ တကယ့် "အချစ်စစ်"ဖြစ်တယ်။

Shared from Nine Nine Sanay (FB)

Friday, June 14, 2013

ဆင်ခံမြင်းခံဘုရားပြဿနာ

တစ်နေ့တွင် ဆူးလေဘုရားသို့ ထူးခြားသော ရုပ်ပွားတော်တစ်ဆူ ကို ကုလားလူမျိုးတစ်ဦးက လာလှူ၏။

ရုပ်ပွားပုံကား ဥဒေါင်းပေါ်တွင် ဗုဒ္ဓရှင်တော်မြတ် စံတော်မူနေပုံဖြစ်၏။

ဆူးလေဘုရား ဂေါပဂအဖွဲ့ဝင် လူကြီးများသည် ထိုပုံတော်မျိုးကို တစ်ခါမှ မတွေ့ဖူးသဖြင့်

ဘုရားပေါ်တွင် အပူဇော်ခံ ထားသင့်/မထားသင့် မဆုံးဖြတ်နိုင် ဖြစ်ကြ၏။

ထို့ကြောင့် ဆူးလေစေတီတော် သြဝါဒါစရိယဆရာတော်ကြီးများကို ပင့်ဖိတ်၍ ထိုအကြောင်းကို မေးမြန်းလျှောက်ထားကြ၏။

ဖျာပုံတိုက်သစ် ဆရာတော်ကြီးသည်လည်း ထိုအချိန်က ဆူးလေစေတီတော် သြဝါဒါစရိယ ဆရာတော်တစ်ပါးပင် ဖြစ်၏။

ကျန်ဆရာတော်များက

‘အပူဇော်ခံထားလိုက်ပါ၊ တခြားဆင်ခံဘုရား၊ မြင်းခံဘုရားတို့တောင် ရှိနေပြီဟာပဲ၊

အခု ဥဒေါင်းခံဘုရားဆိုတာလည်း အထူးအဆန်းမဟုတ်တော့ပါဘူး’ ဟု မိန့်တော်မူကြ၏။

ဖျာပုံတိုက်သစ်ဆရာတော်က ကျန်းဂန်နှံ့စပ်တော်မူလှသည့်အပြင်

စာရေးဆရာတိုင်း လက်မလွှတ်တမ်း အသုံးပြုနေရသည်

သုတေသန သရုပ်ပြအဘိဓာန် ကျမ်းပြု ဖျာပုံတိုက်သစ်ဆရာတော် အရှင်သြဘာဘိဝံသထံသို့

ရဟန်းပရိတ်၊ လူပရိသတ်အားလုံး၏ မျက်လုံးများက တစ်ပြိုင်နက်လို ရောက်သွားကြ၏။

ဆရာတော်ကြီးထံမှ လေးနက်ကြည်လင်သော စကားများသည် တစ်ခွန်းချင်း ထွက်ပေါ်လာ၏။

“ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် အားလုံးအတွက် တွေးဆစရာတစ်ခုကိုတော့ တင်ပြချင်ပါတယ်။

ပိဋကိတ်သုံးပုံ၊ နိကာယ်ငါးရပ်ကို လျှောက်ကြည့်လိုက်တဲ့အခါ

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် တိရစ္ဆာန်တစ်ကောင်ကောင် စီးပြီး ခရီးသွားတယ်ဆိုတာ ဘယ်နေရာမှာမှ မတွေ့မိပါဘူး။

မြတ်စွာဘုရားဟာ ခရီးဘယ်လောက်ပင် ဝေးဝေး

ချေချွတ်ရမယ့် ဝေနေယျအတွက် အချိန်မီတယ်ဆိုရင် ခြေလျှင်ကြွတာပဲများပါတယ်။

ဝေနေယျအတွက် ခြေလျှင်ကြွလို့ အချိန်မမီလောက်ဘူး ဆိုရင်တော့ အဘိညာဉ်တန်ခိုးနဲ့ ကြွပါတယ်။

ကောက်

တိရစ္ဆာန်ပေါ်ကို တက်စီးဖို့ မပြောနဲ့။ တိရစ္ဆာန် ကထားတဲ့ယာဉ်ကိုတောင် မစီးဖို့ အာပတ်ပညတ်ထားပါတယ်။

မကျန်းမာခြင်းဆိုတဲ့ အကြောင်းရှိမှသာ စီးခွင့်ရှိပါတယ်။

ဒီလို အာပတ်ပညတ်ပြီး တားတော်မူရတာက သတ္တဝါအား လုံးပေါ်မှာ အညီအမျှထားတော်မူတဲ့

‘မဟာကရုဏာတော်’ ကြောင့်ပဲဖြစ်တယ်။ ရိုးရိုးကရုဏာမဟုတ်ပါဘူး။

မဟာတပ်ထားတဲ့ ‘ကြီးကျယ်တဲ့ ကရုဏာ’ ပါ။

ဒီမဟာ ကရုဏာကြီးကြောင့်ပဲ လေးအင်္ချေကမ္ဘာတစ်သိန်း ကြာအောင် အဆင်းရဲအပင်ပန်းခံပြီး

ပါရမီတော်တွေကို ဖြည့်ဆည်းတော်မူခဲ့တာပါ။

ဒီမဟာကရုဏာတော်ကြီးကို အလေးဂရုမပြုလို့ မရပါဘူး။

တိရစ္ဆာန်စီးနေတဲ့ပုံတော်တွေကို ထုလုပ်ရေးဆွဲခြင်းအားဖြင့်

မြတ်စွာဘုရားရဲ့ သတ္တဝါတိုင်းအပေါ်ထားတဲ့ မဟာကရုဏာတော်ကို ထိခိုက်စော်ကားရာ ရောက်ပါတယ်။

ဘာသာခြားများကလည်း ဒီလိုပုံမျိုးတွေကို ကြည့်ပြီး

‘ဗုဒ္ဓဟာ သတ္တဝါအားလုံးအပေါ်မှာ သနားကရုဏာရှိတယ်လည်း ပြောသေးတယ်၊ တိရစ္ဆာန်ပေါ် တက်စီးတာပဲလား’ ဆိုတဲ့ မေးခွန်းမျိုးနဲ့ ထောက်ပြလာနိုင်ပါတယ်။

ဒီဥဒေါင်းခံရုပ်ကို လက်သင့်ခံပြီး ထားလိုက်မယ်ဆိုရင်

နောင် အခါမှာ ကျားခံတဲ့ ရုပ်ပွားမျိုးတွေ၊ သမင်ခံတဲ့ရုပ်ပွားမျိုးတွေ အတော်မသတ်အောင် ပေါ်လာနိုင်ပါတယ်။ ဒီအချက်တွေကြောင့် ဥဒေါင်းခံတဲ့ ရုပ်ပွားကို ဒီအတိုင်း အပူဇော်ခံမထားဖို့ ပြောကြားလိုက်ပါတယ်။

ဆရာတော်၏ သဘာဝကျလှသော သြဝါဒကြောင့်

ဂေါပဂလူကြီးများသည် ဥဒေါင်းကိုဖယ်ထားပြီး ရုပ်ပွားတော်ချည်း သက်သက်သာလျှင် ယခုထက်တိုင် အပူဇော်ခံထားပါသည်။


***ကောက်နုတ်ချက် ***

မေတ္တာရှင်(ရွှေပြည်သာ)

ထေရဝါဒမှတ်ကျောက် (နှာ- ၂၄~၂၆) မှ ကောက်နုတ်ရေးသားပါသည်။

Shared from ထေရ၀ါဒ ရနံ့ (FB)

သာသနာပြုကြရာတွင် အတုယူလိုက်နာသင့်သော မိဂဒါဝုန်တွင် မြတ်စွာဘုရား အသုံးချခဲ့သော 'မူ' (အရှင်သေဋ္ဌိလာဘိဝံသ ဆရာတော်ကြီး)

“သာသနာပြုတယ်ဆိုတာ ကိုယ့်ဝါဒကို ကျယ်ပြန့်ထွန်းကားအောင်လုပ်တာပဲ၊ အရေးကြီးတာက ကိုယ့်ဝါဒကို ကျယ်ပြန့်ထွန်းကားစေချင်ရင် သူ့ဝါဒဓလေ့ကို မထိပါး မပုတ်ခတ်ရဘူး၊ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးမဆို သူတို့ရဲ့ မိရိုးဖလာအယူဝါဒ ဓလေ့ထုံးဆိုတာရှိတယ်။ ဒါတွေကို ‘အလကား မိစ္ဆာဝါဒတွေ၊ ရူးကြောင်ကြောင် အလုပ်တွေ’ ဆိုတဲ့ ပုံစံမျိုးနဲ့ မစော်ကားမိဖို့ အရေးကြီးတယ်။

မြတ်စွာဘုရားပွင့်တော်မူလာတဲ့အချိန်က မဇ္ဈိမဒေသဆိုတဲ့ အိန္ဒိယမှာဝါဒစွဲ၊ အမျိုးဇာတ်စွဲ၊ ဓလေ့ထုံးစံစွဲတွေ ရှုပ်ရှုပ်ကို ထွေးနေတာပေါ့၊ ဒီကြားထဲမှာ ဘုရားရှင် ဘယ်လို သာသနာပြတော်မူသွားတယ် ဆိုတာ မျက်ခြည်မပြတ်စေနဲ့၊ လေ့လာရတယ်၊ အတုယူရတယ်၊ ဘုရားသာသနာပြုမယ့် ပုဂ္ဂိုလ်က ဘုရားကို အတူယူ ကျင့်သုံးမှာပေါ့၊ အရှင်ဘုရားတို့ သိက္ခာပုဒ်တွေထဲမှာ မြတ်မနုတ်ရ၊ သစ်ပင်မခုတ်ရဆိုတာမျိုးတွေ တွေ့တယ် မဟုတ်လား”

“ဒါတွေဟာ လောကအနေနဲ့ ကြည့်ကြည့်၊ ဓမ္မအနေနဲ့ကြည့်ကြည့် အကုသိုလ်လို့ ပြောစရာ ဘာရှိလို့တုန်း၊ ဒါပေမယ့် မြတ်စွာဘုရားက “အဲဒါတွေ မလုပ်ရလို့” ဘာလို့ ပညတ်ထားသလဲ၊ အကျိုး မရှိဘဲနဲ့ မပညတ်ဘူး။ အကျိုးရှိလို့ ပညတ်တာ၊ အဲဒီခေတ်မှာဖြစ်တယ် တချို့လက်ခံစွဲလမ်းထားတဲ့ ဓလေ့စွဲတစ်ခုက “သစ်ပင်ကိုခုတ်ထစ်တာဟာလည်း ဣနြေ္ဒတစ်ခုရှိတဲ့ သတ္တဝါကို ညှဉ်းဆဲတာပဲ” လို့ မှတ်ကြတာ” (ဣနြေ္ဒ = အသက်)။

“အဟိံသာ ပရမော ဓမ္မော မညှင်းဆဲခြင်းသာ အမြတ်ဆုံးတရားဆိုတာ ဒီလိုအယူအစွဲရှိသူတွေရဲ့ လက်သုံးစကားပေါ့၊ ဒါကိုဖောက်ဖျက်ကျူးလွန်ရင် လူယဉ်ကျေးလို့တောင် စာရင်းမသွင်းဘူး၊ ဒါကြောင့် မြတ်စွာဘုရားက ကိုယ့်ဝါဒ မကျယ်ပြန့်သေးဘဲ မထိရောက်သေးဘဲ သူ့များဝါဒနဲ့ ဆန့်ကျင်ဘက်လုပ်လိုက်ရင် ကိုယ့်စကားကို နားထောင်မယ်သူတောင် ရှိမှာ မဟုတ်လို့ သစ်ပင်မခုတ်ဖို့ ဗုဒ္ဓက ပညတ်တော်မူတာ၊ ဒီလို ပညတ်လို့ ကိုယ့်ဝါဒမှာလည်း ဘာမှ ထိခိုက်နစ်နာစရာ အကြောင်းမရှိဘူး၊ ဒါကို သဘောပေါက်ဖို့ အရေးကြီးတယ်”

“ဝေဖန်တယ် ပိုင်းခြားတယ်ဆိုတာဟာ အဘိဓမ္မာတစ်ရပ်ကို တင်ပြတာပဲ၊ အဲဒီတော့ အမှန်နဲ့ အစားထိုးပြနိုင်မှ အသက်ဝင်တာ၊ အသက်ဝင်မှလည်း အသက်ရှင်တယ်၊ ဗုဒ္ဓဝါဒ ဒီနေ့ထိအသက်ရှင်နေတာဟာ မိဂဒါဝုန်မှာ မြတ်စွာဘုရားရဲ့ တရားဦးဖြစ်တဲ့ ဓမ္မစကြာကို လေ့လာကြည့်မယ်ဆိုရင် ပထမ အစွန်းတရားနှစ်ပါး ဆိုတဲ့ အမှားနှစ်မျိုးကို ထောက်ပြတယ်၊ ပြီးတော့ အဲဒီအမှားကို မဇ္ဈိမပဋိပဒါဆိုတဲ့ အမှန်နဲ့ အစားထိုးပေးတယ်”

“ဒါကြောင့်လည်း ဗုဒ္ဓအဘိဓမ္မာဟာ ဒီနေ့အထိ ဘယ်ပညာရှင်ကမှ ငြင်းပယ်လို့ မရနိုင်တဲ့ အမှန်တရားအဖြစ် ရပ်တည်နေနိုင်တာပါ၊ မြတ်စွာဘုရား မပွင့်ခင်က ဝါဒတစ်ခုပေါ်လိုက်၊ အဲဒီဝါဒကို နောက်ပုဂ္ဂိုလ်က အမှားလို့ ဝေဖန်လိုက်၊ ပြီးတော့ ခုခံသူက ပြန်ခုခံလိုက်နဲ့ ဝါဒတွေဟာ လုံးချာလိုက်နေတာပဲ ဘယ်သူ့ဝါဒ အမှန်ဆိုတာတော့ ဘယ်ပညာရှင်မှ အတိအကျမဆုံး ဖြတ်နိုင်ခဲ့ဘူး၊ မှားတယ်လို့ ပြောဖို့ဆိုတာက လိုအပ်ချက်တွေကို ပေးစွမ်းနိုင်မှုမရှိရင် ဒါဟာမှားနေတယ်၊ မမှန်ဘူးလို့ ပြောနိုင်တာပဲ၊ ဝါဒတစ်ခု ပေါ်ပေါက်တယ်ဆိုတာကလည်း လောကရဲ့ ဒုက္ခကို ကုစားဖို့ ပေါ်လာရတာကိုး၊”

“ဒီဒုက္ခကို တကယ်ပျောက်ကင်းအောင် ကုစားမပေးနိုင်ဘူးဆိုရင် ဒါကိုမှားတယ်လို့ ဘယ်သူမဆို ပြောနိုင်တာပဲ” ဒါဖြင့် ဘာက မှန်သလဲလို့ ပြန်ပြီး မေးခွန်းထုတ်တဲ့အခါကျမှသာ ကိုယ်က အစားထိုးမပြနိုင်တာ။ မြတ်စွာဘုရားကျတော့ ဒီလိုမဟုတ်ဘူး၊ အမှားကိုလည်း ထောက်ပြတယ်၊ အမှန်နဲ့လည်း အစားထိုးနိုင်တယ်၊ ဒီအမှန်ကလည်း ဒုက္ခငြိမ်းမှုကို ပေးစွမ်းနိုင်လို့ လောကရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတယ်၊ ဒါကြောင့် အသက်ဝင်ပြီး အသက်ရှင်နေတာပေါ့”

“သူ့လက်ထဲမှာ ဝတ်ထားတဲ့ ချက်ကျောက်ကြီးကို ဒါအတုကြီးပဲ ဆိုပြီး ဆွဲမချွတ်လိုက်နဲ့၊ သူများလှတာ မနာလို လို့လားဆိုပြီး လက်ကို ပုတ်ချလိမ့်မယ်၊ ကိုယ့်မှာရှိတဲ့ စိန်အစစ်ကို လက်တွေ့ပြ၊ ဒါ စိန်အစစ်ပဲလို့ သူနားလည်အောင် ပြောပြနိုင်ရင် သူ့လက်က စိန်အတုကြီးကို သူကိုယ်တိုင် ချွတ်ပြီးလွှင့်ပစ်လိမ့်မယ်၊ အဲဒါကြောင့် သူများ အမှားကို ပယ်ပယ်နယ်နယ်ကြီး အပုပ်ချသလို ပြောနေမယ့် အစားကိုယ်ပြောမယ့် အမှန်တရားကိုသာ အများနားဝင်အောင် ရေရေလည်လည် ပြောပြဖို့ အရေးကြီးတယ်၊ ဒါဟာ မိဂဒါဝုန်မှာ မြတ်စွာဘုရား အသုံးချခဲ့တဲ့မူပဲ”

(မှတ်ချက်)

ကမ္ဘာ့ဗုဒ္ဓ သာသနာပြု ဆရာတော် အရှင် သေဋ္ဌိလာဘိဝံသ

၁၃၃၇ ခုနှစ်ခန့်က ဒေးဒရဲမြို့၊ ကွင်းချောင်း ကျောင်းတိုက်အတွင်း

အရှင်အာဒိစ္စဝံသ ဆရာတော်ကြီး အထိမ်းအမှတ်ပွဲတွင် ကြွရောက်လာသော သံဃာတော်တို့အား ချီးမြှင့်သော သြဝါဒဖြစ်သည်။


ကောက်နုတ်ချက်

~~~~~~~~~~

မေတ္တာရှင် (ရွှေပြည်သာ)

ဆရာကောင်းကို ရှာဖွေခြင်း - မှ ကောက်နှုတ်ပူဇော်ပါသည်။
" ထေရဝါဒ ရနံ့ " မှ ပြန်လည်ရေးသားပူဇော်ပါသည်။


Firday, June 14, 2012 
12:17 pm

Shared from ထေရ၀ါဒ ရနံ့ (FB)

တစ်ဘက်မြင်များ (ဒေါက်တာအရှင်နန္ဒမာလာဘိဝံသဆရာတော်ကြီး - နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ)

ဘုန်းကြီးတို့ ငယ်ငယ်တုန်းက အင်္ဂလိပ်လိုရေးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖတ်ဖူးတာရှိတယ်။ သူက ဘက်စုံမကြည့်လို့ရှိရင် အမှန်မသိတဲ့အကြောင်းလေး။ ပြဿနာတိုင်းမှာ(၂)ဘက် ရှိတယ်တဲ့၊ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကလေးတစ်ခုပေါ့၊ တောင်တုန်းလေးတစ်ခုပေါ်မှာ စားသောက်ဆိုင်ဆိုင်လေးတစ်ခု ဖွင့်ထားတယ်။ အဲဒီဆိုင်လေးမှာ တောင်က လာတဲ့လူပဲဖြစ်ဖြစ်၊ မြောက်က လာတဲ့လူပဲဖြစ်ဖြစ် ၀င်ပြီးနားကြတယ်။ လမ်းကြီးက တောင်မြောက်ဖောက်ထားတယ်။ အဲဒီတုန်းကလူတွေ မြင်းစီးတဲ့ခေတ်ဆိုတော့ မြင်းစီးပြီးတော့ သွားကြ လာကြတယ်။ ခြောက်လုံးပူး ခါးချိန်တဲ့ခေတ် မဟုတ်ဘူး၊ ဓားလွယ်, လွယ်တဲ့ခေတ်။

အဲဒီတုန်းကမြောက်ဘက်က လူကြီးတစ်ယောက် ဓားလွယ်နဲ့ မြင်စီးပြီးတော့ လာတယ်။ တောင်ဘက်က လူတစ်ယောက်ကလည်း မြောက်သွားဖို့ မြင်းစီးပြီး လာတယ်။ အဲဒီတောင်ကုန်းလေးကျတော့ ခဏနားကြတယ်၊ တောင်ကုန်းပေါ်အတက်ကလေးမှာ နှစ်ယောက်သား မြင်းပေါ်က ခုန်ဆင်းလိုက်တယ်။ စားသောက်ဆိုင်လေးထဲ ၀င်ပြီးနားကြမယ်ပေါ့။

အဲဒီမှာ မြောက်ဘက်ကလာတဲ့ လူက အပေါ်မော့ကြည့်တယ်။ မော့ကြည့်လိုက်တဲ့အခါကျတော့ သူက ဘာတွေ့တုန်းဆိုရင် ရွှေခြင်္သေ့ရုပ်ကလေးကို တွေ့တယ်။ တွေ့တော့ သူက သြော် ရွှေခြင်္သေ့ စားသောက်ဆိုင်ပဲလို့ ပြောလိုက်တယ်။ အဲဒီလို ပြောလိုက်တဲ့အချိန် တောင်ဘက်ကလူက အပေါ်မော့ကြည့်တယ်။ မော့ကြည့်ပြီး မိတ်ဆွေ ခင်ဗျား မှားနေပြီ၊ ရွှေခြင်္သေ့စားသောက်ဆိုင် မဟုတ်ဘူးဗျာ့။ ငွေခြင်္သေ့စားသောက်ဆိုင်ပါ။

ဒီတော့ မြောက်ကလာတဲ့လူက ခင်ဗျားက ကျုပ်ကို ရွှေနဲ့ငွေ မကွဲဘူးလို့ ပြောချင်တာလား တဲ့။ မကျေနပ်တဲ့အသံနဲ့ မေးတယ်။ ဟိုလူက ခင်ဗျား မှားနေတာပါ။ ရွှေခြင်္သေ့မဟုတ်ဘူး၊ ငွေခြင်္သေ့ပါလို့ ထပ်ပြောတယ်။ အဲဒီ ခေတ်ကတစ်ယောက်နဲ့ တစ်ယောက် မကျေနပ်ရင် ဓားချင်းယှဉ်ခုတ်တဲ့ခေတ်။ အချင်းများကြတယ်။ ပထမလူက သူ့ကို ဒီလောက် အထင်သေးရမလား ဆိုပြီးတော့ ဓားဆွဲထုတ်တယ်၊ ဒုတိယလူကလည်း ဓားဆွဲထုတ်တယ်။ ပြီးတော့ ဓားချင်း ယှဉ်ခုတ်ကြတယ်။ တချွမ်ချွမ်နဲ့၊ အဲဒီနေရာမှာ နှစ်ယောက်စလုံး တစ်ဘက်မြင်နဲ့ ဆော်ကြတာလေ။

အငြင်းပွားပြီး ဓားချင်း ဆွဲခုတ်နေကြတုန်း အသံတစ်သံ ထွက်ပေါ်လာတယ်၊ ရပ်လိုက် ဆိုတဲ့ အမိန့်ပေးသံ၊ သူတို့ နှစ်ယောက်စလုံး ကြားတယ်။ သူတို့ အံ့အားသင့်ပြီး ရပ်လိုက်ကြတယ်။ အသံရှင် နတ်သမီးလေး ရုတ်တရက်ပေါ်လာပြီး ရှင်တို့ ဘာလုပ်နေကြတာတုန်းလို့ မေးလိုက်တယ်။ တို့ဟာ အမှန်တရားအတွက် တိုက်ပွဲဝင်နေကြတယ်လို့ ပြောကြတယ်။ တကယ်တော့ သူတို့အမှန်တရားကို ပြည့်ပြည့်စုံစုံမြင်ကြတာ မဟုတ်ဘူး။ ကိုယ်မြင်တာ အမှန်လုပ်ပြီး တိုက်ပွဲဝင်နေတာနော်။

ကဲ . . . ပြောပါဦး ဆိုတော့ မြောက်ဘက်မှ လာတဲ့သူက ပြောတယ်၊ ငါက ရွှေခြင်္သေ့လို့ပြောတယ်။ ဒီလူက ငွေခြင်္သေ့တဲ့၊ ဒီလူက ငါ့ကို ရွှေနဲ့ငွေမကွဲဘူးလို့ ပြောချင်တယ်။ ဒါ့ကြောင့် ငါက အမှန်တရားအတွက် တိုက်ပွဲဝင်နေတာ၊ ဒီတော့ အဲဒီနတ်သမီးက မြောက်ဘက်က လာတဲ့ လူကြီးမင်း တောင်ဘက်သွားပြီးကြည့်ပါ၊ တောင်ဘက်ကလာတဲ့ လူကြီးမင်းက မြောက်ဘက်ကို သွားကြည့်ပါဦးလို့ ပြောလိုက်တယ်။ ရွှေတစ်ဖက် ငွေတစ်ဖက် လုပ်ထားတာကိုး။

ခြင်္သေ့ရုပ်လေးက ဟိုဘက်က ရွှေ၊ ဒီဘက်က ငွေ၊ နှစ်ယောက်စလုံးမှန်တယ်။ နှစ်ယောက်စလုံး မှားနေကြတယ်။

ဆိုလိုတာက တစ်ဘက်ပဲ သိတယ်။ အကုန်လုံးမသိဘူး။ ဒီပုံပြင်လေးက တရားဓမ္မနဲ့ ပတ်သက်ပြီးတော့ အလွန်မှတ်သားစရာ ကောင်းတယ်။ တစ်ပိုင်းတစ်စ အမြင်လေးနဲ့ ပြည့်စုံတယ်မထင်နဲ့။

မြတ်စွာဘုရားက နာနာတိတ္ထိယသုတ်မှာ ဟောတယ်။

“၀ိဂ္ဂယှ နံ ၀ိဝဒန္တိ၊ ဇနာ ဧကင်္ဂဒဿိနော” အေး . . . လူတွေဟာ တစ်ပိုင်းတစ်စကိုသာ သိပြီး၊ ဆုပ်ကိုင်ထားပြီး အငြင်းပွားနေကြတယ်။ ကိုယ်သိတာလေးကို ဆွဲကိုင်ပြီး အငြင်းပွားနေကြတယ်တဲ့။ အကုန်သိအောင် လုပ်ရမယ်။

အကုန်သိရင် အငြင်းပွားစရာ မရှိတော့ဘူးလေ။

ဒီသုတ်ထဲမှာ မျက်မမြင်သူကန်း ဆင်စမ်းပြီး ဆင်သရုပ်ဖော်ခြင်းဆိုတဲ့ ပုံဝတ္ထုလေး ပါတာကို တွေ့ရတယ်။

လောကီစာအုပ်တွေထဲမှာလည်း မျက်မမြင် ပုဏ္ဏား(၆)ယောက်အကြောင်း ရေးထားကြတယ်။

အဲဒီပုံပြင်က ဘယ်က စ လာတာလဲ မသိဘူး။ အိန္ဒိယ ဟိန္ဒူဘာသာဖြင့် ရေးထားတဲ့ စာအုပ်မှာတွေမှာလည်း ပါတာပဲ၊ အင်္ဂလိပ်လို ရေးထားတဲ့ စာအုပ်တွေမှာလည်း ပါတာပဲ၊ မြန်မာလိုလည်း ပြန်ရေးကြတယ်။ ထူးထူးဆန်းဆန်း မြတ်စွာဘုရားဟောတဲ့ သုတ္တန်ထဲမှာလည်း တွေ့တယ်။ မြတ်စွာဘုရားဟောတဲ့ ဥဒါန်းပါဠိတော်မှာ နာနာတိတ္ထိယသုတ် ဆိုတာ ရှိတယ်။ တိတ္ထိအမျိုးမျိုး အကြောင်းကို ဟောထားတာ။ အဲဒီ နာနာတိတ္ထိယ သုတ်မှာ မျက်မမြင်ပုဏ္ဏား (၆)ယောက်တော့ မဟုတ်ဘူး၊ (၉)ယောက်၊ (၉)ယောက် ဆိုတာ လူကို ပြောတာမဟုတ်ဘူး၊ မျက်စိမမြင်တဲ့ သူတွေကို အုပ်စု (၉)စုခွဲကာ ဆင်ကို စမ်းကြည့်စေပြီး ဆင် သရုပ်ဖော်ခိုင်းတာ။

အဲဒီဇာတ်လမ်းက ဘုရားဟောတဲ့ သုတ္တန်မှာ ဘယ်လိုပြထားသလဲဆိုရင် -

သာဝတ္ထိပြည်က ဘုရင်ကြီးဟာ တစ်ခါတလေ အပျင်းဖြေတဲ့ သဘောပေါ့၊ ရယ်စရာ လုပ်တယ်။

ဘာလုပ်တုန်းဆိုတော့ သာဝတ္ထိ ပြည်မှာရှိတဲ့၊ မျက်စိနှစ်ကွင်း အလင်းမရတဲ့သူအားလုံး ဆင့်ခေါ်ခိုင်တယ်။

နန်းရင်ပြင်မှာ စုစေတယ်။ မျက်စိမမြင်တဲ့လူတွေ အများကြီးပဲ ရောက်လာကြတယ်။

ရောက်လာတဲ့အခါ (၉)စုခွဲလိုက်တယ်။ ခွဲပြီးတဲ့အခါ ကျတော့ ဘုရင်က ၀န်းထမ်းတွေကို အမိန့်ပေးတယ်။

အဲဒီ (၉)စုကို တစ်စုစီ ခွဲပြီး တစ်မျိုးစီ ဆင်ကို ပြစေတယ်၊ ဆင်ဆိုတာ ဘယ်လိုလဲ၊ တချို့ကို ဆင့်ခြေထောက်ကို ကိုင်စမ်းပြီးပြတယ်။ တချို့ကို အမြီးကို ကိုင်စမ်းပြတယ်၊ တချို့ကို နှာမောင်းကို ပြတယ်၊ တချို့ကို အစွယ်ကို ပြတယ်၊ တချို့ကို ကိုယ်လုံးကို ပြတယ်၊ အဲဒီလို ခွဲပြီးပြတယ်၊ အမြီးမှာလည်း မြီးဆံလေးကို ပြတယ်၊ တချို့ကို မြီးထူးရိုးကိုပြတယ်။ ခွဲပြီးတော့ ပြခိုင်းတယ်။

အုပ်စုလိုက် ပြပြီးပြီဆိုတဲ့အခါကျတော့ ဘုရင်ကြီးက ရှေ့တော်သွင်းတယ်၊ ဘုရင်ကြီးက မေးတယ်။

မောက်ကန်းတို့၊ မင်းတို့ ဆင်မြင်ကြပြီလား။

ဘုန်းတော်ကြောင့် မြင်ရပါပြီ တဲ့။

ကဲ . . . နံပါတ်တစ်အုပ်စုက ဆင်ဆိုတာ ဘယ်လိုဟောလဲ၊ ပြောပြစမ်းလို့ ဘုရင်ကြီးကမေးတယ်။

သူတို့ကို ပြထားတဲ့အတိုင်း သူတို့ပြောတာပေါ့။

ဆင့်ကိုယ် စမ်းထားတဲ့လူစုက ဆင်ဆိုတာ အုတ်နံရံကြီးလိုပဲတဲ့။

ကျန်တဲ့သူတွေကလည်း ဟိုကြည့် ဒီကြည့်ပေါ့။ မြင်တော့ မမြင်ရဘူးပေါ့။ အံ့သြတယ်။

ငါတို့တွေ့တာ အုတ်နံရံကြီးလို မဟုတ်ပါဘူး၊ တုတ်ချောင်းကြီးလိုပါ။ ဘာလို့လဲဆိုတော့ အစွယ်ပြထားတာကိုး။

မြီးဆံပြထားတဲ့လူက တံမျက်စည်းလိုဟာကြီးပါ။ ခြေထောက် ပြထားခြင်းခံရတဲ့ လူကလည်း ဆင်ဆိုတာ တိုင်လိုကြီးပါတဲ့။

သူတို့အချင်းချင်း တစ်ခုနဲ့တစ်ခု မကျေမနပ် ဖြစ်နေကြတယ်။ ဆင်ဆိုတာ နံရံကြီးလိုဆိုတော့ တံမျက်စည်းလို ထင်တဲ့ကောင်က

ဟာ . . . မင်းမှားနေတယ်။ ငါတွေ့တာက တံမျက်စည်းလိုပဲ။

ဆင့်ခြေထောက် စမ်းတဲ့ လူကလည်း

ဟ . . . ဆင်ဆိုတဲ့ အကောင်က အဲဒီလိုမဟုတ်ဘူးတဲ့၊ တိုင်ကြီးလိုပဲ။

နားရွက်စမ်းတဲ့ကောင်က ဆင်ဆိုတာ ပြားချပ်ကြီး၊ ယပ်တောင်ကြီးလိုပဲ ပြောတယ်။

ပြောရင်း ပြောရင်း အုပ်စုချင်း ငြင်းခုံကြ၊ ရန်ဖြစ်ကြပြီး ထသတ်ကြတယ်။

အဲဒီအခါမှာ ဘုရင်ကြီးက သဘောကျလွန်းလို့ ဟားတိုက်ပြီး ရယ်သတဲ့။ အတော် ကမြင်းတဲ့ ဘုရင်ပေါ့နော်။

အဲဒီမှာ မြတ်စွာဘုရားက မျက်မမြင်သူကန်းတွေဟာ ကိုယ်မြင်တဲ့အပိုင်းလေးကို ဟုတ်လှပြီဆိုပြီး အခုလို အငြင်းပွားနေကြသတဲ့။ အားလုံးပေါင်းလိုက်ရင် ဆင်ဆိုသည်မှာ ဒါတွေ အားလုံးရှိတယ်ဆိုတာ သူတို့ လက်ခံမယ်ဆိုလို့ရှိရင် သူ့ဟာလည်း လက်ခံမယ်၊ ငါ့ဟာလည်း လက်ခံမယ်၊ အားလုံးကို လက်ခံလိုက်ရင် ဆင်သရုပ် ပေါ်လာမှာပါတဲ့၊ မြတ်စွာဘုရားက မိစ္ဆာ၀ါဒဟာလည်း ဒီအတိုင်းပဲ၊ ခြုံငုံ မကြည့်ဘူး၊ စုံအောင် မကြည့်ဘူး၊ တစ်ဘက်အမြင်လေးနဲ့ အငြင်းပွားနေကြတယ် လို့ ဆိုလိုတယ်။

အေး . . . ဒါကြောင့်မို့ လောကမှာ မိစ္ဆာဝါဒ ဆိုတာ ခြုံငုံသုံးသပ်ခြင်း မရှိလို့ မှားယွင်းတဲ့ ၀ါဒမျိုး ဖြစ်တယ်။ တစ်ဘက်မြင်ကိုပဲ အစွဲအလမ်းကြီးပြီး ကိုယ့်ဘာသာကိုယ် ‘ဣဒမေ၀ သစ္စံ၊ မောဃမညံ’ = ငါ့ဟာသာ အမှန်၊ တခြားဟာ အလကား ဆိုတဲ့ ဆိုလိုချက်တွေနဲ့ ကိုယ့် philosophy ကိုသာ အဟုတ်ထင် စွဲကိုင်ထားပြီး သူများ philosophy ကိုတော့ ပယ်ချတယ်၊ ဒီလိုနဲ့ မိစ္ဆာအယူဝါဒတွေ ပေါ်လာတယ်။

အမှန်တရားဆိုတာ တစ်ခုတည်းသာရှိတယ်။

အဲဒီအမှန်တရားနဲ့ ပတ်သက်ပြီး သိလာလို့ရှိရင် ဘာမှအငြင်းပွားစရာ မရှိဘူး၊ အားလုံး အတူတူပဲ။

ကောက်နုတ်ချက်

***********

ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဆရာတော်ကြီး

နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ (စာ-၁၄၈-၁၅၅) - မှ ကောက်နှုတ်ပူဇော်ပါသည်။

"ထေရဝါဒရနံ့ " မှ ပြန်လည်ရေးသားပူဇော်ပါသည်။


Friday, June 14, 2012 1:30 pm

Shared from ထေရ၀ါဒ ရနံ့ (FB)

“စိတ်ဓါတ်ရင့်ကျက်လာဖို့”

(၁) တစ်နေ့ အရာအာလုံးကို စွန့်ခွာသွားရမှာ..
တစ်နေ့ အားလုံးအားလုံးကို ထားသွားရအုံးမှာ.. ဆိုတာ ခဏခဏ တွေးပေးပါ။

(၂) ကိုယ့်ကိုကိုယ်တောင် မပိုင်တာ..
ငါပိုင်တာ တကယ်တမ်းတော့ ဘာဆိုဘာမှ မရှိပါလားလို့ ခဏခဏ ဆင်ခြင်နေပေးပါ။

(၃) ငါ သေရအုံးမှာ..
အချိန်မရွေး ငါသေသွားနိုင်တယ်လို့လည်း ခဏခဏ ရွတ်ရွတ်ပေးပါ။

(၄) ငါဘာတွေတွေးနေလဲ?
ဘာတွေခံစားနေလဲ ?
ခုစိတ်ထဲမှာ ဘယ်လိုတွေဖြစ်နေလဲ.. ဆိုတာမျိုး
ကိုယ့်စိတ်ကို ကိုယ်အမြဲတမ်း သတိရတိုင်းရတိုင်း ပြန်ပြန်ကြည့်နေပေးပါ။ ပြန်ပြန်သိနေပေးပါ။

(၅) ငါဘာကိုတန်ဖိုးထားတာလဲ?
အပေါ်ယံအရာဖြစ်တဲ့ပစ္စည်းတွေလား?
တစ်စုံတခုလား? တစ်စုံတစ်ယောက်လား?
စိတ်ထားမြင့်မြတ်တာလား? ကိုယ်ကျင့်တရားမြင့်မြတ်တာလား?
ငါ့ဘဝမှာ ငါတကယ်တမ်း တန်ဖိုးအထားဆုံးအရာဟာ ဘာလဲ?
ခုလုပ်နေတာတွေဟာ ငါဘာကိုတန်ဖိုးထားပြီး လုပ်နေကိုင်နေပြောနေတာလဲ?
ငါတန်ဖိုးအထားဆုံးအရာဟာ တကယ်တမ်း နောက်ဆုံးတော့ အားကိုးရရဲ့လား?
ဆိုတဲ့မေးခွန်းမျိုးကို ကိုယ့်ကိုကိုယ် မမေ့မလျော့ ပြန်ပြန်မေးပါ။
(ကိုယ့်ကိုကိုယ် မလိမ်မညာပဲဖြေရင် အမှန်တွေနဲ့ အကောင်းတရားတွေနဲ့ နီးလာပြီ)

(၆) ဖြစ်နေတဲ့ အဆိုးတွေရော အကောင်းတွေရောဟာ
ဘာမှ မမြဲဘူး။ ဘာမှ မဟုတ်ဘူး။ တခဏလေးတွေချည်းပဲ။
သင်္ခါရတရားတွေ အချိန်ပြည့် နှိပ်စက်နေတာလို့ အမြဲနှလုံးသွင်းနေကြည့်လိုက်ပါ။

သဘာဝကို သဘာဝ၊ အမှန်ကို အမှန်လို့
ကြည့်တတ် မြင်တတ် လက်ခံတတ်တာ လက်ခံနိုင်တာဟာ သတ္တိရှိလို့ပါ။
သဘာဝအမှန်တရားကို လက်ခံနိုင်ရင် စိတ်ဓါတ်ရင့်ကျက်လာပြီ။
အရှိကိုအရှိအတိုင်း အမှန်တရားကို အမှန်အတိုင်း လက်ခံနိုင်တဲ့စွမ်းရည်ကပဲ
အရာရာအပေါ်ကို balance အဖြစ် မြင်တတ်လာလိမ့်မယ်။
အဲဒီလက်ခံနိုင်တဲ့ စိတ်ဓါတ်ကပဲ ကိုယ့်ဘဝကို တကယ်တမ်း
ဘာရှေ့ဆက်လုပ်ရမလဲ ဘယ်အရာတွေကို မလုပ်သင့်တော့ဘူး။
ဘယ်အရာတွေတော့ ပိုလုပ်သင့်သလဲဆိုတာ လမ်းပြပေးသွားပါလိမ့်မယ်။
နေတတ်ထိုင်တတ်အောင် စိတ်ချမ်းသာနေအောင်လည်း အပြည့်အဝ ကူညီပါလိမ့်မယ်။

ဒါပေမယ့် ဖတ်ထားပြီးရော ပြီးရင်မေ့ မလုပ်ပဲ…
အဲဒီအတွေးတွေကို မမေ့မလျော့ သတိတရ တွေးတွေးနေပေးဖို့တော့ လိုတယ်။
တကယ် တွေးတွေးကြည့်ပြီးတဲ့အခါ လက်တွေ့ စိတ်ချမ်းသာလာတာကို တွေ့ရလိမ့်မယ်။
တချို့အရာတွေက သူများရေးထားတာဖတ်တာထက် ကိုယ်ကိုတိုင် လက်တွေ့ကြုံလာတဲ့အခါ အဲဒီအရသာက ပိုပြီးစိတ်ကိုကြည်နူးကျေနပ်စေတယ်။ တချို့အမြင်တွေက ကိုယ်ကိုတိုင်လုပ်ကြည့်လာမှ မြင်လာတယ်။ ပြီးမှ ဟုတ်ပါလားလို့ပေါ့..။ေ၇းထားတဲ့စာလေးနဲ့ ရပ်မနေပဲ ဒီထက်ပိုပြီးချဲ့တွေးစေချင်တာရယ်ပါ။

ဥပမာအနေနဲ့ “တစ်နေ့ အရာအာလုံးကို စွန့်ခွာသွားရမှာ.. တစ်နေ့ အားလုံးအားလုံးကို ထားသွားရအုံးမှာ.. ဆိုတာ ခဏခဏ တွေးပေးပါ” လို့ ရေးထားတဲ့အတိုင်း ကိုယ့်စိတ်ရင်းနဲ့ တွေးပေးလိုက်ရင် မတရားသဖြင့်လိုချင်တဲ့ မတရားလောဘတွေနဲသွားစေတယ်။ ငါစွန့်သွားရမှာပဲ..။ မတရားသဖြင့် လိုချင်မက်မောတာတွေနဲ့ မတရားလုပ်မနေတော့ပါဘူးဆိုတာမျိုး ဖြစ်လာတယ်။ ဒီထက်မကကို ကျယ်ပြန့်လွန်းပါတယ်။

“ကိုယ့်ကိုကိုယ်တောင် မပိုင်တာ.. ငါပိုင်တာ တကယ်တမ်းတော့ ဘာဆိုဘာမှ မရှိပါလားလို့ ခဏခဏ ဆင်ခြင်နေပေးပါ” ဆိုတာကို ဆင်ခြင်တဲ့အခါ.. ကိုယ်တကယ်ပိုင်လို့မရတဲ့အရာတွေရှိလာရင် ကိုယ်တကယ်လုပ်ယူလို့မရတဲ့အရာတွေ ဖြစ်လာရင် အဲဒီတွေးနည်းက တော်တော်အလုပ်ဖြစ်တယ်နော်..။ အဲဒီဆင်ခြင်နည်းက တော်တော်စိတ်ကိုသက်သာစေလိမ့်မယ်နော်။

“ငါ သေရအုံးမှာ.. အချိန်မရွေး ငါသေသွားနိုင်တယ်လို့လည်း ခဏခဏ ရွတ်ရွတ်ပေးပါ” လို့ နှလုံးသွင်းကြည့်ရင်… စာဖတ်သူ သေသေချာချာစိတ်နှစ်ပြီး နှလုံးသွင်းကြည့်လိုက်ပါ..။ဘယ်လိုခံစားရလဲလို့..။ ဒါဆိုရင် ရေးနေစရာတောင်မလိုတော့ပါဘူးနော်..။ အနည်းဆုံးဥပမာလေးကတော့ မာန်တွေ တော်တော်လျော့သွားစေတယ်..။

“ငါဘာတွေတွေးနေလဲ? ဘာတွေခံစားနေလဲ ? ခုစိတ်ထဲမှာ ဘယ်လိုတွေဖြစ်နေလဲ.. ဆိုတာမျိုး ကိုယ့်စိတ်ကို ကိုယ်အမြဲတမ်း သတိရတိုင်းရတိုင်း ပြန်ပြန်ကြည့်နေပေးပါ။ ပြန်ပြန်သိနေပေးပါ”
အဲဒီအတိုင်း ပြန်ပြန်ကြည့်တဲ့အခါ ကိုယ့်စိတ်အကြောင်း ကိုယ်သိလာတယ်။ ပိုသိလာတယ်။ ကိုယ်ကောင်းတာလည်းသိလာလိမ့်မယ်။ ကိုယ်မကောင်းတာလည်း သိလာလိမ့်မယ်။ ဆရာတော်ဦးဇောတိကစာအုပ်တွေ ဖတ်ပြီးလက်တွေ့လုပ်ကြည့်တဲ့သူတွေဆိုရင် အထူးသိပြီးသားတွေပါ။ ကိုယ့်စိတ်ထဲကခံစားမှုတွေကို စောင့်ကြည့်ပါများလာရင် မကောင်းတာတွေတွေးတာတွေ မကောင်းတာပြောတော့မှာတွေ မကောင်းတာလုပ်တော့မှာတွေကို ခွင့်မပြုတော့ဘူး။

အသေးစားဥပမာအနေနဲ့ ဒေါသအားကြီးလို့ ဒေါသကြီးလိုက်တာကိုတောင် အနည်းဆုံး ဒေါသဖြစ်နေတယ်လို့ ကိုယ့်ကိုကိုယ် ပြန်သိနေတယ်။ သိနေတော့ ဆိုးဆိုးဝါးဝါးတွေ မလုပ်ဖြစ်အောင် စိတ်ကပြောနေတယ်။ တုံ့ခနဲ့ ရပ်နိုင်တာ မရပ်နိုင်တာတော့ အလေ့အကျင့်ပေါ်မှာ မူတည်ပါတယ်။ နောက်ထပ်အကျိုးကျေးဇူးတွေက အများကြီးပဲ..။ အကျိုးများလွန်းလို့ လုပ်ကြည့်စေချင်တာရယ်ပါ။ အဓိကက အလေ့အကျင့်ရှိဖို့ အလေ့အကျင့်လုပ်ဖို့ရယ်ပါ..။

နံပါတ်(၅)က ကိုယ်တိုင်ဖြေရမှာမို့............

ကိုယ့်အတွေးတွေကို ပြောင်းလိုက်ရင် ကိုယ့်လောကလည်း ပြောင်းသွားပါတယ် (ဆရာတော်ဦးဇောတိက)။
ကိုယ့်နှလုံးရဲ့ နှလုံးသွင်းနည်းတွေကို ပြောင်းပစ်လိုက်ရင် ကိုယ့်ဘဝလည်း ပြောင်းသွားမယ်။
ဘယ်လိုအခက်အခဲ အကြီးအသေးတွေကြုံကြုံ ကိုယ်စိတ်ထားတတ်ရင် အိုခေနေတယ်ဆိုတာ သိလာလိမ့်မယ်။ အခက်အခဲက သေးနေပါစေ ကိုယ်စိတ်မထားတတ်ရင် စိတ်ဆင်းရဲနေတယ်ဆိုတာ သိလာလိမ့်မယ်။ အဲဒါမို့လို့ အဲဒါတွေအပေါ်ထားတဲ့ မြင်တဲ့ ကိုယ့်အတွေးတွေ၊ ကိုယ်နှလုံးသွင်းတဲ့နည်းတွေက အရမ်းအရေးကြီးနေပါတယ်။

“Change Your Thoughts and
You Change Your World…
Change Your Life
by Changing Your heart…”
နှလုံးသားအာဟာရ
၁၂.၆.၂၀၁၃
၅း ၁၇ pm

Shared from နှလုံးသားအာဟာရ (FB)